တောင်ကြီး စက်တင်ဘာ ၃၀
တောင်ကြီးမြို့၊ ချယ်ရီလမ်း၊ ပြည်တော်သာရပ်ကွက်ရှိ S. I. R ကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်းမှ ကျောင်းတည်ထောင်သူ၊ တာဝန်ခံဆရာ ဦးချမ်းငြိမ်းကိုကို ဦးဆောင်သော ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ခံဆရာ၊ ဆရာမများ စုစုပေါင်း(၂၈၆)ဦးတို့သည် ယနေ့မွန်းလွဲပိုင်းအချိန်က ရှမ်းပြည်နယ်လွှတ်တော်ရုံးသို့ လာရောက်လေ့လာကြရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ခဲ့သည်။




















ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် အဆိုပါလေ့လာရေးအဖွဲ့အား ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပြီး ရှမ်းပြည်နယ်လွှတ်တော်၏ သမိုင်းကြောင်းနှင့် ဖွဲ့စည်းထားမှု အခြေအနေများ၊ ရှမ်းပြည်နယ်လွှတ်တော်၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ Powerpoint ဖြင့် အကျယ်တဝင့် မိတ်ဆက် ရှင်းလင်းပြောကြားခဲ့ပြီး လာရောက်လေ့လာသည့်ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။















အဆိုပါ လာရောက်လေ့လာကြသည့်အဖွဲ့တွင် Grade 10 ကျောင်းသားဦးရေ(၃၉)ဦး၊ Grade 11 ကျောင်းသားဦးရေ(၁၂၅)ဦး၊ Grade 12 ကျောင်းသားဦးရေ(၁၀၂)ဦးနှင့် ဆရာ၊ ဆရာမ (၂၀)ဦး ပါဝင်ကြောင်း သတင်းရရှိသည်။
မြန်မာဘာသာ