တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး(၁/၂၀၂၆)(ပထမနေ့)ကျင်းပ

တောင်ကြီး           နိုဝင်ဘာ   ၂

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၆) (ပထမနေ့)ကို နိုဝင်ဘာ(၂)ရက်၊ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။


 ဦးစွာ ကတိသစ္စာမပြုရသေးသည့် တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းကို ဆောင်ရွက်ခဲ့သည်။


ဆက်လက်ပြီး ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က ပြည်နယ်လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၉၉)ဦး၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်(၃၃)ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်ဦးရေ (၁၃၂)ဦးရှိသည့်အနက် (၁၂၂)ဦး တက်ရောက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၉၂.၄၂)ရာခိုင်နှုန်းရှိသည့်အတွက် ပြည်နယ်လွှတ်တော် အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပြီး ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားခဲ့သည်။


ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂ အရ အမည်စာရင်းပေးပို့ တင်သွင်းလာသည့် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အစားထိုး ပြောင်းလဲ တာဝန်ပေးသည့် တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းအား ပြည်နယ် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်းက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ​လွှတ်တော်၏ သဘောတူညီချက်ကို ရယူခဲ့သည်။


၎င်းနောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးပြီးဖြစ်သော ဒေါ်အေးအေးလှိုင်က ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း ဆောင်ရွက်ခဲ့သည်။

 

ယင်းနောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူက ရှမ်းပြည်နယ်စာကြည့်တိုက်ဥပဒေ (မူကြမ်း)အား လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ စာကြည့်တိုက် ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များရှိပါကအမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာကာ တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေး (၁/၂၀၂၆)(ပထမနေ့)ရပ်နားကြောင်းနှင့် အစည်းအဝေး(ဒုတိယနေ့) ဆက်လက်ကျင်းပမည့် နေ့ရက်နှင့် အချိန် တို့ကို အချိန်မီအကြောင်းကြားသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။