တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးမြောက် ကြယ်ပွင့်ပြမေးခွန်းပေါင်း ၈၄ ခုနှင့် အဆို ၃ ခု တင်သွင်းနိုင်ခဲ့

တောင်ကြီး       အောက်တိုဘာ              ၉

တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို အောက်တိုဘာ (၉) ရက်၊ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။


 ရှေးဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က ပြည်နယ်လွှတ်တော်သို့ တက်ရောက်ခွင့် ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၉၉)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၃၃)ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်ဦးရေ(၁၃၂)ဦးရှိသည့်အနက်(၁၁၈)ဦးတက်ရောက်ခဲ့ပြီးရာခိုင်နှုန်းအားဖြင့် (၈၉.၃၉) ရာခိုင်နှုန်းရှိသည့်အတွက် ပြည်နယ်လွှတ်တော်အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင် ကျင်းပကြောင်း ကြေညာခဲ့သည်။


ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော နားဖန်းမြို့နယ်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၂) ဦးစိုင်းအောင်မြင့်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ လားရှိုးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးခင်အောင်ဆွေက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်း ကောင်း၊ ကွတ်ခိုင်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးဌေးဝင်းလှိုင်က ကြယ်ပွင့်ပြ မေးခွန်း(၁)ခုကို လည်းကောင်း၊ နမ့်စန်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဒေါ်ဝါဝါထွေးက ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ ကွန်ဟိန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးဝင်းလှိုင်က ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ မဘိမ်းမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဒေါ်နန်းခမ်းလီက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ တောင်ကြီးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးခွန်ဆောင်းရွှေက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ မိုင်းဖြတ်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးညွန့်ဝင်းက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ လဲချားမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဒေါ်နန်းအက်(စ်)ကီးမိုးက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ ရွာငံမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးစိုင်းသန်းထွန်း(ခေါ်) ဦးသိန်းသန်းထွန်းက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ မိုင်းပျဉ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဒေါ်မေနှင်းသက်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ တောင်ကြီးမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးခွန်ကြည်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးထင်အောင်နိုင်က ကြယ်ပွင့်ပြ မေးခွန်း(၁)ခုကို လည်းကောင်း၊ စုစုပေါင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၃)ဦးတို့က ကြယ်ပွင့်ပြ မေးခွန်းပေါင်း (၁၅)ခုတို့ကို မေးမြန်းခြင်းဆောင်ရွက်ရာ သက်ဆိုင်ရာပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြသည်။


၎င်းနောက်  ရပ်စောက်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)  ဦးအောင်ကျော်ညွန့် တင်သွင်းခဲ့သည့် ရှမ်းပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများ လာမည့်စိုက်ပျိုးရာသီတွင် ရာသီချိန်မီ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက်  မြေပြင်အခြေအနေမှန်အပေါ် အခြေခံသည့် ရေတိုအစီအစဉ်များဖြင့် စက်သုံးဆီလွယ်ကူစွာ ဝယ်ယူရရှိစေရေးနှင့် ရေရှည်အတွက် တောင်သူစမတ်ကတ်( Smart Card) စနစ်ဖြင့် သီးနှံအလိုက် စက်သုံးဆီခွဲတမ်း စနစ်တကျ စိစစ်ဖြန့်ဖြူးပေးနိုင်ရေး ပြည်နယ်အစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၄)ဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြပြီး ပြည်နယ်လျှပ်စစ် စွမ်းအင်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးက ၎င်းအဆိုအား ပြန်လည် ရှင်းလင်း ဆွေးနွေး၍ လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူကာ လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆို၏ ပထမပိုင်းအား အတည်ပြုကြောင်းနှင့် အဆို၏ ဒုတိယပိုင်းအား  မှတ်တမ်းအဖြစ်ထားရှိကြောင်း ကြေညာခဲ့သည်။


၎င်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့ပြီး တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ရပ်နားကြောင်းနှင့် တတိယ အကြိမ်စတုတ္ထပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးမြောက်ကြောင်း ကြေညာခဲ့သည်။ တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး(ပဉ္စမနေ့)သို့  ပြင်ပပုဂ္ဂိုလ်(၄၀)ဦး လာရောက် လေ့လာခဲ့ကြကြောင်း သိရှိရသည်။