တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၆) (ဒုတိယနေ့) ဆက်လက်ကျင်းပ

တောင်ကြီး     နိုဝင်ဘာ        ၁၃

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(ဒုတိယနေ့)ကို နိုဝင်ဘာ (၁၃)ရက်၊ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။


ဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၉၉)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၃၃)ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်ဦးရေ (၁၃၂)ဦးရှိသည့်အနက် (၉၄)ဦးတက်ရောက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၇၁.၂၁)ရာခိုင်နှုန်းရှိသည့်အတွက် ပြည်နယ်လွှတ်တော်အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာသည်။


ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်းခံရသည့် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်က ဥက္ကဋ္ဌ၏ ရှေ့မှောက်၌ ကတိသစ္စာပြုခဲ့ပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့သည်။


၎င်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေး(၁/ ၂၀၂၆)ဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာကိစ္စရပ်များအား လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ပြီး တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး (၁/၂၀၂၆)၊ ဒုတိယနေ့အစီအစဉ် ပြီးမြောက်ကြောင်းနှင့် တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး (၁/ ၂၀၂၆)အောင်မြင်စွာ ကျင်းပပြီးမြောက်ကြောင်း ကြေညာခဲ့ကြောင်း သိရှိရသည်။