တောင်ကြီး စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်တို့သည် ယနေ့ နံနက် (၁၁)နာရီအချိန်က ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ သံလွင်ခန်းမ၌ လွှတ်တော်ရုံးဝန်ထမ်းသစ်များနှင့် တွေ့ဆုံပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။


















ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် လွှတ်တော်ရုံးဝန်ထမ်းအသစ်များက တစ်ဦးချင်း မိတ်ဆက်တင်ပြခဲ့ကြသည်။ ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက "ဝန်ထမ်းများအနေဖြင့် မိမိတာဝန်ကျရာ ဌာနစုများတွင် ပေးအပ်သော အလုပ်တာဝန်များကို ကျေပြွန်အောင် ကြိုးစားထမ်းဆောင်ကြစေလိုကြောင်း၊ မိမိတို့ မသိရှိ နားမလည်သည်များကို မိမိတို့ထက်အတွေ့အကြုံရှိသော အရာရှိများနှင့် လုပ်ဖော်ကိုင်ဖက် ဝန်ထမ်း များအား မေးမြန်း၍ တင်ပြဆောင်ရွက်သွားစေလိုပါကြောင်း၊ မိမိတို့ တာဝန်ထမ်းဆောင်နေရသည့် အလုပ် အပေါ်တွင် စေတနာထား၍ ဆောင်ရွက်သွားကြရန်၊ နေရာရလိုမှုဖြင့် အလုပ်လုပ်သူနှင့် အလုပ်လုပ်ရင်း တဖြည်း ဖြည်းနေရာရလာသူဟူ၍ ဝန်ထမ်း(၂)မျိုးရှိသည့်အနက် အလုပ်လုပ်ရင်း တဖြည်းဖြည်းနေရာရလာအောင် ကြိုးစားဆောင်ရွက်သွားစေလိုပါကြောင်း၊ ရုံးစာရွက်စာတမ်းများ လုံခြုံမှုအဆင့်ရှိစာများကိုလည်း ပြင်ပသို့ ပေါက်ကြားခြင်းမရှိအောင် စနစ်တကျ ဆောင်ရွက်သွားရန်လည်း လိုပါကြောင်း၊ ဌာနတွင်း မိသားစုစိတ်ဓာတ်ဖြင့် ပျော်ရွှင်စွာဖြင့် လွှတ်တော်ရုံးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်သွားကြစေလိုပါကြောင်းနှင့် လွှတ်တော် ရုံးတွင် လာရောက်တာဝန် ထမ်းဆောင်သည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ အိမ်ရာလိုအပ်ချက် ရှိသူများကိုလည်း ဝန်ထမ်းအိမ်ရာများတွင် နေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း " ပြောကြားခဲ့သည်။














ထို့နောက် လွှတ်တော် ဒုတိယဥက္ကဋ္ဌက" ဝန်ထမ်းသစ်များအနေဖြင့် ယခုမှ စတင်တာဝန်ထမ်းဆောင်ခါစ ဖြစ်၍ ရုံးလုပ်ငန်းများနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသေးပါကြောင်း၊ နောက်ပိုင်းတွင် နေသားကျ၍ လုပ်ငန်းခွင်တွင် ပျော်ရွှင်လာမည်ဖြစ်ပါကြောင်း၊ မိမိတို့ ထမ်းဆောင်ရမည့်လုပ်ငန်းတာဝန်များကိုလည်း ကြိုးစားလေ့လာသင်ယူ သွားကြစေလိုပါကြောင်း၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြုမူကျင့်ကြံနေထိုင်သွားရန်လည်း အထူးအရေးကြီးပါကြောင်း၊ ရုံးပြင်ပသို့ ထွက်ခွာရာတွင်လည်း သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်ထံ သတင်းပို့ ထွက်ခွာကြရန်၊ ခွင့်ခံစားမှုများကိုလည်း အခွင့်အရေးတစ်ရပ်အနေဖြင့် မလိုအပ်ဘဲ ခွင့်ခံစားခြင်း မပြုရန်လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် ရုံးဝန်ထမ်းများ၏ သက်သာချောင်ချိရေးကို တတ်နိုင်သမျှ စဉ်းစားဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း" ပြောကြားခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာဘာသာ