၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့်ပတ်သက်၍ စိစစ်နိုင်ရန် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့နှင့် အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး     စက်တင်ဘာ     ၂၃

ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန/ အဖွဲ့အစည်းများ၏ ၂၀၂၇-၂၀၂၈ ခု ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့်ပတ်သက်၍ စိစစ်နိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၈)နာရီအချိန်က ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ သံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ရှမ်းပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မိမိလှိုင်နှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်လွင်တို့က၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်းရေးဆွဲခြင်းဆိုင်ရာကိစ္စရပ်များအား အသီးသီး ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြသည်။


ဆက်လက်၍ အခမ်းအနား တက်ရောက်လာကြသည့် သက်ဆိုင်ရာရေးရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ အရအသုံးခန့်မှန်းခြေငွေစာရင်း စိစစ်နိုင်ရေးနှင့်ပတ်သက်၍ သိရှိလိုသည်များ ကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးရှင်းလင်းဆွေးနွေးခဲ့ပြီး အစည်းအဝေးကို နံနက်(၉)နာရီ(၄၅)မိနစ်အချိန်တွင် ရုပ်သိမ်းခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာ ငွေအရအသုံးဆိုင်ရာစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ရေးရာကော်မတီများ၏ ဥက္ကဋ္ဌများ၊ စုစုပေါင်း(၁၉)ဦး၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။