ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့်ပတ်သက်၍ စိစစ်နိုင်ရေးအကြိုညှိနှိုင်းအစည်းအဝေးတက်ရောက်

တောင်ကြီး     စက်တင်ဘာ     ၂၂

ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန/ အဖွဲ့အစည်းများ၏ ၂၀၂၇-၂၀၂၈ ခု ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့်ပတ်သက်၍ စိစစ်နိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁ဝ) နာရီ(၃၀)မိနစ်အချိန်က ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ သံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က အဖွင့်အမှာစကားပြောကြားရာတွင် " ယခု ပြုလုပ်တဲ့ ညှိနှိုင်းအစည်းအဝေးကတော့ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ပတ်သက်၍ ကြိုတင်စိစစ်နိုင်ဖို့ ရည်ရွယ်ပါကြောင်း၊ ဌာနဆိုင်ရာများနှင့် ကြားနာပွဲများ ကျင်းပပြုလုပ်ပြီး ဘတ်ဂျက်များကို ပြန်လည်သုံးသပ်ဆင်ခြင်ကြတဲ့အခါ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရှမ်းပြည်နယ်တစ်ဝှမ်းလုံးတန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်စေရေးကို အဓိကထား၍ စစ်ဆေးကြားနာသွား စေလိုပါကြောင်း၊ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးရေးဆွဲတင်သွင်းခြင်းဆိုင်ရာဥပဒေအရ  အစိုးရအဖွဲ့အနေနဲ့ နှစ်စဉ် ဩဂုတ်လ(၁)ရက်တွင် ဖြည့်စွက်ခွင့်ပြုငွေစာရင်းတင်သွင်းခြင်း၊ နှစ်စဉ် စက်တင် ဘာလ(၇)ရက်တွင် အရအသုံးခန့်မှန်းခြေငွေစာရင်းတင်သွင်းခြင်းနှင့် နိုဝင်ဘာလ၏ နောက်ဆုံးပတ်တွင် နှစ်ဝက်အစီရင်ခံစာတင်ပြခြင်းများကို ဆောင်ရွက်ရကြောင်း၊ သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွက်လည်း အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေနှင့် နှစ်ပတ်လည်အစီရင်ခံစာတို့ကို တင်ပြရမှာ ဖြစ်ကြောင်း၊ နှစ်စဉ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းကို နှစ်စဉ်မတ်လတွင် လည်းကောင်း၊ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းကို နှစ်စဉ် ဒီဇင်ဘာလတွင် လည်းကောင်း အစိုးရအဖွဲ့က တင်သွင်းလာတဲ့အခါ လွှတ်တော်က အတည်ပြုပေးရမှာ ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများရဲ့ ဘတ်ဂျက်ကို ကြားနာတဲ့နေရာမှာ ပွင့်လင်းမြင်သာမှု ရှိစေရန်နှင့် ကဏ္ဍအလိုက် လုပ်ငန်းများကို အသေးစိတ်စိစစ်နိုင်ရန်အတွက် ဒေသန္တရစီမံကိန်းနှင့်ဘဏ္ဍာငွေ အရအသုံးဆိုင်ရာစိစစ်ရေးကော်မတီနှင့် ရေးရာကော်မတီဥက္ကဋ္ဌများပါဝင်တဲ့အဖွဲ့(၅)ဖွဲ့က ပူးပေါင်းပြီး ဌာနဆိုင်ရာ(၁၆)ခုကို တာဝန်ခွဲဝေထားတဲ့အတိုင်း အဖွဲ့လိုက်စိစစ်ပြီး မျှတမှုရှိစွာနဲ့ ကြားနာသွားမှာ ဖြစ်ပါကြောင်း၊ စိစစ်တဲ့နေရာမှာလည်း မိမိတို့ရဲ့ မဲဆန္ဒနယ်မြေကိုသာ ဦးစားပေး ဆောင်ရွက်ခြင်းမျိုးမပြုဘဲ ပြည်နယ်တစ်ခုလုံးမှာရှိတဲ့ မြို့နယ်များအားလုံး အတွက် မျှမျှတတဖြစ်အောင် စိစစ်ပေးဖို့ အလေးအနက်ထား တိုက်တွန်းကြောင်း" ပြောကြားခဲ့သည်။


ဆက်လက်၍ အခမ်းအနား တက်ရောက်လာကြသည့် သက်ဆိုင်ရာရေးရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ အရအသုံးခန့်မှန်းခြေငွေစာရင်း စိစစ်နိုင်ရေးနှင့်ပတ်သက်၍ သိရှိလိုသည်များ ကို မေးမြန်းဆွေးနွေးကြရာ လွှတ်တော်ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးရှင်းလင်းဆွေးနွေးခဲ့ ကြကာ အစည်းအဝေးကို နံနက်(၁၀)နာရီ(၅၀)မိနစ်အချိန်တွင် ရုပ်သိမ်းခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်ရေးကော်မတီမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ရေးရာကော်မတီများ၏ ဥက္ကဋ္ဌများ၊ စုစုပေါင်း(၂၁)ဦး၊ လွှတ်တော်ရုံးဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။