တောင်ကြီး စက်တင်ဘာ ၈
တောင်ကြီးမြို့ရှိ New Light ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးအောင် ဦးဆောင်သော ဆရာ၊ ဆရာမများနှင့် (Grade 7, 8, 9, 10, 11, 12) ကျောင်းသား၊ ကျောင်းသူ (၁၃၀)ဦးသည် ယနေ့ မွန်းလွဲပိုင်းအချိန်က ရှမ်းပြည်နယ်လွှတ်တော်ရုံးသို့ လာရောက်လေ့လာကြရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ခဲ့သည်။










အဆိုပါ လေ့လာရေးအဖွဲ့သည် လွှတ်တော်အစည်းအဝေးခန်းမအတွင်း လေ့လာခဲ့ကြပြီး လွှတ်တော် ဥက္ကဋ္ဌဦးစိုင်းလုံကျော်က ရှမ်းပြည်နယ်လွှတ်တော်၏ သမိုင်းကြောင်းနှင့် ဖွဲ့စည်းထားမှု အခြေအနေများ၊ လွှတ်တော်၌ ဖွဲ့စည်းထားသည့် ရေးရာကော်မတီအဖွဲ့အစည်းများ၊ လွှတ်တော်အစည်းအဝေး ကျင်းပနေမှု Video Clipများ ပြသခြင်း ၊ လွှတ်တော်ခေါ်ယူသည့်ကိစ္စရပ်များ၊ လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီး ဥပဒေများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်များနှင့် လွှတ်တော်၏ ဆောင်ရွက်ချက်များ၊ လွှတ်တော်တွင် ကြယ်ပွင့် ပြမေးခွန်း ဆွေးနွေးမေးမြန်းခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အဆိုတင်သွင်းမှုနှင့် ဥပဒေရေးဆွဲရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အကျယ်တဝင့် မိတ်ဆက် ရှင်းလင်းပြောကြားခဲ့သည်။
















ယင်းနောက် လေ့လာရေးအဖွဲ့မှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ လွှတ်တော်ဥက္ကဋ္ဌမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြပြီးနောက် လေ့လာရေးအဖွဲ့နှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် လေ့လာရေးအဖွဲ့သည် လွှတ်တော်ရုံးဝင်းအတွင်း တည်ဆောက်ထားသည့် မြေအောက်ရေသိုလှောင်ကန်စနစ်အား သွားရောက် လေ့လာခဲ့ကြောင်း သိရှိရသည်။
မြန်မာဘာသာ