တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး ဥပဒေ(၁)ခု၊ အဆို(၁)ခုနှင့် ကြယ်ပွင့်ပြမေးခွန်းပေါင်း(၈၈)ခု ဆောင်ရွက်နိုင်ခဲ့

တောင်ကြီး       ဩဂုတ်     ၂၀


တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကို ဩဂုတ်(၂၀)ရက်၊ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။


ဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်ဦးရေ (၁၃၂)ဦးရှိသည့်အနက်(၁၂၉)ဦးတက်ရောက်ခဲ့ပြီးရာခိုင်နှုန်း အားဖြင့်(၉၇.၇၃)ရာခိုင်နှုန်းရှိသည့်အတွက် ပြည်နယ်လွှတ်တော်အစည်းအဝေးအထမြောက်ကြောင်း နှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာသည်။


ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော လားရှိုးမြို့နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးခင်အောင်ဆွေက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ မောက်မယ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးလင်းလင်းနိုင်က ကြယ်ပွင့်ပြ မေးခွန်း(၁)ခုကို လည်းကောင်း၊ ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဒေါ်နန်းမွန်းအောင်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ မူဆယ်မြို့နယ်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အမှတ်(၁) ဦးနော်တောင်က ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ ရပ်စောက် မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးအောင်ကျော်ညွန့်က ကြယ်ပွင့်ပြမေးခွန်း (၁)ခုကို လည်းကောင်း၊ ဟိုပုံးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၂) ဦးဒီဂေါလ်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ မိုင်းခတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးရန်အောင်က ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊   ကလောမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးခွန်ထွန်းငယ်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ မိုင်းဖြတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးညွန့်ဝင်းက ကြယ်ပွင့်ပြမေးခွန်း (၁)ခုကို လည်းကောင်း၊ တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးခွန်ဆောင်းရွှေက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ ကွန်ဟိန်းမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးဝင်းလှိုင်က ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ ကွတ်ခိုင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးဌေးဝင်းလှိုင်က ကြယ်ပွင့်ပြမေးခွန်း (၂)ခုကို လည်းကောင်း၊ ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးခွန်စနေအောင်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ ကျိုင်းတုံမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးစိုင်းဟွမ်နွဲ့က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ စုစုပေါင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၄)ဦးတို့က ကြယ်ပွင့်ပြမေးခွန်းပေါင်း(၁၈)ခုတို့ကို မေးမြန်းခြင်းဆောင်ရွက်ရာ သက်ဆိုင်ရာ ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့သည်။


၎င်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများအား လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီးနောက် တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ရပ်နားကြောင်းနှင့် တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးမြောက်ကြောင်း ကြေညာခဲ့​သည်။


တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး၌ ဥပဒေ(၁)ခု ပြင်ဆင်ပြဋ္ဌာန်းခြင်း၊ အဆို(၁)ခု ဆွေးနွေးအတည်ပြုခြင်းနှင့် ကြယ်ပွင့်ပြမေးခွန်းပေါင်း (၈၈)ခုအား ဆွေးနွေး မေးမြန်းခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လွှတ်တော်အစည်းအဝေးကျင်းပနေမှုကိုလည်း ကျောင်းသား၊ ကျောင်းသူများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း(၂၄၈)ဦး လာရောက်လေ့လာခဲ့ကြကြောင်း သိရှိရသည်။