တောင်ကြီး ဩဂုတ် ၁၇
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(တတိယနေ့)ကို ဩဂုတ်(၁၇) ရက်၊ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် လေ့လာသူများတက် ရောက်ကြသည်။











ဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်(၉၉)ဦး၊တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၃၃)ဦး၊ စုစုပေါင်းလွှတ်တော် ကိုယ်စားလှယ် ဦးရေ (၁၃၂)ဦးရှိသည့်အနက် (၁၂၆)ဦးတက်ရောက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၉၅.၄၅)ရာခိုင်နှုန်း ရှိသည့်အတွက် ပြည်နယ်လွှတ်တော်အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာ သည်။













ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော နမ့်ခမ်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၂) ဦးသန်းစိုးက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ နောင်ချိုမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးကျော်အောင်သန်းက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ တောင်ကြီးမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးခွန်ဆောင်းရွှေက ကြယ်ပွင့်ပြမေးခွန်း (၁)ခု ကို လည်းကောင်း၊ လားရှိုးမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးခင်အောင်ဆွေက ကြယ်ပွင့် ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ ရပ်စောက်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးအောင်ကျော်ညွန့်က ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ ကွန်းဟိန်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၁) ဦးဝင်းလှိုင်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ နမ့်စန်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဒေါ်ဝါဝါထွေးက ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ ညောင်ရွှေ မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးထွန်းလှ(ခ)ဦးတိုးရက ကြယ်ပွင့်ပြ မေးခွန်း(၁)ခု ကို လည်းကောင်း၊ စုစုပေါင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၈)ဦးတို့က ကြယ်ပွင့်ပြမေးခွန်းပေါင်း (၁၀)ခုတို့ ကို မေးမြန်းခြင်းဆောင်ရွက်ရာ သက်ဆိုင်ရာပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြသည်။






ယင်းနောက် ရှမ်းပြည်နယ်ကုန်တင်ကုန်ချလုပ်ငန်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း ၍ လွှတ်တော်သို့ အစီရင်ခံစာကို ဥပဒေပြုရေးဆိုင်ရာကော်မတီအတွင်းရေးမှူးက ဖတ်ကြားရှင်းလင်းပြီး ၎င်းဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူက ဆွေးနွေးရှင်းလင်း၍ လွှတ်တော်၏အဆုံးအဖြတ်ကို ရယူခဲ့သည်။
ယင်းနောက် ရပ်စောက်မြို့နယ်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အမှတ်(၁) ဦးအောင်ကျော်ညွန့်၏ ရပ်စောက်မြို့နယ်အပါအဝင် ရှမ်းပြည်နယ်အတွင်း လယ်ယာမြေမဟုတ်သော အခြားလယ်ယာမြေများ (ယာမြေ၊ ကိုင်းမြေ၊ ဥယျာဉ်မြေ)ကို အခြားနည်းသုံးစွဲခွင့် လျှောက်ထားရာတွင် ပြည်သူများ ကြန့်ကြာမှုမရှိဘဲ လွယ်ကူ၊ လျင်မြန်၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရေးအတွက် မလိုအပ်သောဌာနဆိုင်ရာ ထောက်ခံချက် များကို ဖြေလျှော့ပေးရန်နှင့် လုပ်ငန်းစဉ်များ ပြန်လည်စိစစ်ပြင်ဆင်ပေးပါရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆိုအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၆)ဦးက ဆွေးနွေးကြပြီး ပြည်နယ် အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေက ဆွေးနွေး ရှင်းလင်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့က သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်နိုင် သည့်ကိစ္စရပ်များအား လွှတ်တော်၌ မဲခွဲဆုံးဖြတ်အတည်ပြုချက်ရယူခဲ့သည်။




၎င်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန် အစည်းအဝေး(တတိယနေ့) ရပ်နားကြောင်းနှင့် အစည်းအဝေး(စတုတ္ထနေ့) ဆက်လက်ကျင်းပမည့် နေ့ရက်နှင့် အချိန်တို့ကို ကြေညာခဲ့ကြောင်း သိရှိရသည်။
မြန်မာဘာသာ