ရှမ်းပြည်နယ်လွှတ်တော် ၂၀၂၆ ခုနှစ်၊ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်ပူဇော်ပွဲအခမ်းအနားကျင်းပ

တောင်ကြီး     ဩဂုတ်         ၁၆



ရှမ်းပြည်နယ်လွှတ်တော်၏ ၂၀၂၆ ခုနှစ်၊ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်ပူဇော်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ သံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်ပါမောက္ခချုပ်၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အောက်စဖို့ဒ် ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ အမှူးပြုသော ဆရာတော်(၅)ပါးကြွရောက်ချီးမြှင့်တော်မူကြပြီး ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့်ဇနီးဒေါ်ခိုင်ဇာလင်းနောင်၊ ဒုတိယဥက္ကဋ္ဌဦးစိုင်းထွန်းစိန်နှင့်ဇနီးဒေါ်နန်းခမ်းကွမ်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဒေါ်ခင်ထွေးအောင်၊ ကယန်း(ခ)ပဒေါင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်အေးချိုစိန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်လွှတ်တော်ရုံးဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမျိုးနှင့် ပြည်နယ်လွှတ်တော်ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။


ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုပူဇော်ဖွင့်လှစ်ခဲ့ပြီး  (၅)ပါးသီလခံယူဆောက်တည်၍ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပင့်သံဃာအရှင်သူမြတ်များထံသို့ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။


ယင်းနောက် ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်ပါမောက္ခချုပ်၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အောက်စဖို့ဒ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ အမှူးပြုသော ဆရာတော်များထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူခဲ့ကြသည်။ ထို့နောက်အောက်စဖို့ဒ်ဆရာတော်ပါမောက္ခ ဒေါက်တာ အရှင်ဓမ္မသာမိဆရာတော်မှ စိတ်အညစ်အကြေးများကင်းစင်ရေး၊ စိတ်အေးချမ်းစေရေး(Mind Fulness)လက်တွေ့ဘဝတွင် ကျင့်သုံးလိုက်နာရမည့်နည်းလမ်းများကို Video Clip ဖြင့်ပြသ၍ မိမိကိုယ်ကိုမုဒိတာပွားများရန်၊ မိမိ မိဘ၊ မိမိလုပ်ငန်းခွင်နှင့်ဆက်စပ်နေသော လုပ်ဖော်ကိုင်ဖက်များ၊ မိမိနှင့်ပတ်သက်ဆက်နွယ်ခြင်းမရှိသော ပုဂ္ဂိုလ်များ၊ မိမိနေထိုင်ရာဒေသနှင့် ပတ်သက်ဆက်စပ်ရာများကို မုဒိတာပွားများနိုင်ရေးအတွက် အနုမောဒနာတရားဟောကြားတော်မူခဲ့ပြီး မိမိကိုယ်ကို မုဒိတာဘဏ်တည်ဆောက်ရန်နှင့် (၃)မိနစ်ခန့် ဝင်လေထွက်လေရှုမှတ်ခြင်းများကို လက်တွေ့လုပ်ဆောင်ခဲ့ကြသည်။


ထို့နောက် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက  လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။