ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ရှင်းလင်းခြင်းအခမ်းအနားတက်ရောက်

တောင်ကြီး     ဩဂုတ်         ၁၅



ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ သံလွင်ခန်းမ၌ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ(၁၄)ရက်နေ့၊ နေ့လယ် (၂)နာရီအချိန်က ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ ရှမ်းပြည်နယ်လွှတ်တော်ရုံးဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးလှမျိုး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးတာဝန်ရှိသူများ၊ စုစုပေါင်း(၉၅)ဦး တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်က အဖွင့်အမှာစကား ပြောကြား ခဲ့သည်။ ထို့နောက် ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးက ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးသန့်ဇင်ဝင်းက လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လည်းကောင်းအသီးသီး ရှင်းလင်း တင်ပြဆွေးနွေးခဲ့ကြသည်။


ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေ ကြားပေးခဲ့ကြသည်။ ၎င်းနောက် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ညနေ(၄)နာရီ(၃၀)မိနစ်အချိန်တွင် ရပ်နားခဲ့ကြောင်း သိရှိရသည်။