ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား တက်ရောက်

တောင်ကြီး     ဩဂုတ်         ၁၅


ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း ၍ လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်မှုအခြေအနေရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ သံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်း အနားသို့ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ၊ ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမျိုး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမင်းဆွေနှင့် ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေက အမှာစကားပြောကြားခဲ့ကြသည်။ ထို့နောက် ရှမ်းပြည်နယ်(တောင်ပိုင်း)ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းက ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနား တက်ရောက်လာကြသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းမှုများအပေါ် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့်အတူ ပြန်လည်ဖြေကြားပေးခဲ့ကာ အခမ်းအနား အစီအစဉ်(ပထမပိုင်း)ကို ခေတ္တရပ်နားခဲ့သည်။


ဆက်လက်၍ အခမ်းအနား(ဒုတိယပိုင်း)ကိုကျင်းပရာ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမင်းဆွေက ရှမ်းပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ မဟာဗျူဟာနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးခွန်းမေးမြန်းမှုများအပေါ် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူ များက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို မွန်းလွဲ(၂)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရ သည်။