ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မိုင်းဖြတ်မြို့ဒေသခံ ပြည်သူလူထု နှင့်တွေ့ဆုံပွဲကျင်းပ

တောင်ကြီး သြဂုတ် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့တွင် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ‌ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူလူထုများနှင့်တွေ့ဆုံပွဲကို ၂၀၂၆ ခုနှစ်၊ သြဂုတ် ၈ ရက် နံနက်ပိုင်းက အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က နိုင်ငံတော်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၊ လွှတ်တော်ဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များက အဆိုပြု တင်သွင်းမေးမြန်းထားသည့်(ကြယ်ပွင့်ပြ၊ကြယ်ပွင့်မပြ)မေးခွန်းများဖြင့် ဒေသကောင်းကျိုး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ဌာနဆိုင်ရာဝန်ထမ်းများအတွက်လည်း လွှတ်တော်မှ ကူညီဆောင်ရွက်ပေး နေသည့်ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်က လွှတ်တော်ဆိုင်ရာကိစ္စရပ်များကို ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့သည်။


ယင်းနောက် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းညွန့်ဝင်းက နမ့်ဆန်ရွာအဝင်လမ်းဖောက်လုပ်ပေးရေး၊ မြို့ပေါ်(၃)ရပ်ကွက်ရှိ ကျောက်ချောလမ်း(၄)လမ်းအားကျောက်ချောလမ်းမှကွန်ကရစ်လမ်းအဖြစ်အဆင့်မြှင့်တင် ပေးရန်ကိစ္စများပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးနှင့် သောက်သုံးရေ လုံလောက်စွာ ရရှိနိုင်ရေး စသည့် ဒေသခံပြည်သူလူထုများ၏ လိုအပ်ချက်များကို တင်ပြရာ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်က မိုင်းဖြတ်မြို့နယ်အတွက်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ ကူညီလုပ်ဆောင်ပေးချက်အရ မဟာဓာတ်အားလိုင်းဖြင့် မီးလင်းတော့မည့်ကိစ္စ၊ မိုင်းဖြတ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအား (၂၀၂၇)ခုနှစ်တွင် ကြားဖြတ်ရွေးချယ်သွားရန်လမ်းညွှန်ထားရှိသည့်ကိစ္စနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ဆွေးနွေးဖြေကြားပေးခဲ့ကြသည်။


ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တာလေမြို့၊မိုင်းလင်း (အရှေ့)ကျေးရွာအုပ်စု၊ လန်တောင်းရွာ၊ လန်တောင်းဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ ဆရာတော်အရှင်သူမြတ်များအား သင်္ကန်းအစရှိသော လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ကျောင်းတိုက်အတွင်းရှိ ရှေးဟောင်းဘုရား ဆင်းတုတော်များအား ဖူးမြှော်ကြည်ညိုခြင်း၊ တာလေမြို့ရှိ တာလေတံတား၏ ကြံခိုင်မှု အခြေအနေများကို ကြည့်ရှု့လေ့လာခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။