တောင်ကြီး ဧပြီ ၁၀
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး(သတ္တမနေ့)ကို ဧပြီ(၁၀)ရက်၊ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားကိုယ်စားလှယ်များ တက်ရောက်ကြသည်။
















ဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က ပြည်နယ်လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၉၉)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၃၃)ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်ဦးရေ (၁၃၂)ဦးရှိသည့်အနက် (၁၃၁)ဦး တက်ရောက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၉၉.၂၄)ရာခိုင်နှုန်းရှိသည့်အတွက် ပြည်နယ်လွှတ်တော်အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ရပ်စောက်မြို့နယ် ကိုယ်စားလှယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထိန်စိုးက ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌရှေ့မှောက်၌ ကတိသစ္စာပြုခဲ့ပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့သည်။


ဆက်လက်ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့် ပြည်နယ်တရား လွှတ်တော်တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးအပ်ပြီးဖြစ်သောပုဂ္ဂိုလ်များ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများအဖြစ် ခန့်အပ်တာဝန် ပေးအပ်ပြီးဖြစ်သော ပုဂ္ဂိုလ်များ၊ ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးအပ်ပြီးဖြစ်သော ပုဂ္ဂိုလ်များက ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်၌ ကတိသစ္စာပြုခဲ့ပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။




၎င်းနောက် ပြည်နယ်ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ပြီးဖြစ်သော ဦးစိုင်းကျော်ဇံက ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်၌ ကတိသစ္စာပြုခဲ့ပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ပြီးဖြစ်သော ဒေါ်ခင်ထွေးရီက ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်၌ ကတိသစ္စာပြုခဲ့ပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုး ခဲ့သည်။


ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ပြည်နယ်လွှတ်တော်သို့ မိန့်ခွန်းပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၏ မိန့်ခွန်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။


ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က တတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော်ပထမပုံမှန်အစည်းအဝေးဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများအား လွှတ်တော်သို့ ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်ပထမပုံမှန် အစည်းအဝေး(သတ္တမနေ့)အစီအစဉ် ပြီးစီးကြောင်းနှင့် တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးမြောက်ကြောင်း ကြေညာခဲ့ကြောင်း သိရှိရသည်။

မြန်မာဘာသာ