ရှမ်းပြည်နယ်လွှတ်တော်လုပ်ငန်းမိတ်ဆက်အခမ်းအနားကျင်းပ

တောင်ကြီး    မတ်    ၁၆

ယနေ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ သံလွင်ခန်းမ၌ ရှမ်းပြည်နယ်လွှတ်တော်လုပ်ငန်းမိတ်ဆက်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ 
အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်က လွှတ်တော်အစည်းအဝေး (ပထမနေ့)တွင် ဆောင်ရွက်မည့် အစီအစဉ်များ၊ သဘာပတိ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ပြည်နယ်လွှတ်တော်၏ ဥပဒေပြုရေး၊ ကြယ်ပွင့်ပြ/ မပြ မေးခွန်း မေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းဆိုင်ရာ လွှတ်တော် လုပ်ငန်းစဉ်ကိစ္စရပ်များ၊ ကိုယ်စားလှယ်များ၏ တည်းခိုနေထိုင်ရေးဆိုင်ရာနှင့် ခရီးစရိတ်၊ နေ့တွက်စရိတ်ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ရှမ်းပြည်နယ်လွှတ်တော်ရုံးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြကာ အခမ်းအနားကို နံနက်(၁၁)နာရီ(၁၁)မိနစ်အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၃၁)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။