တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(ပထမနေ့)ကျင်းပ

တောင်ကြီး           အောက်တိုဘာ               ၅

တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(ပထမနေ့)ကို အောက်တိုဘာ (၅)ရက်၊ နံနက်(၁၀)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။


ရှေးဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က ပြည်နယ်လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်(၉၉)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၃၃)ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်ဦးရေ(၁၃၂)ဦးရှိသည့်အနက် (၁၁၈)ဦးတက်ရောက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၈၉.၃၉)ရာခိုင်နှုန်းရှိသည့်အတွက် ပြည်နယ်လွှတ်တော်အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပြီး ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။


ဆက်လက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော မိုင်းရယ်မြို့နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးစိုင်းခမ်းကော်က ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ ဖယ်ခုံ မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးစိုင်းကျော်ရင်က ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ လားရှိုးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးခင်အောင်ဆွေက ကြယ်ပွင့်ပြ မေးခွန်း(၁)ခုကို လည်းကောင်း၊ သီပေါမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦး​​ညီညီဇော်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ လဲချားမြို့နယ်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၂) ဦးခွန်ထွန်းလေးက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၁) ဦးခွန်ကြည်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ နမ့်ခမ်းမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးသန်းစိုးက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊   နမ့်စန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဒေါ်ဝါဝါထွေးက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးမြင့်ဝင်းက ကြယ်ပွင့်ပြမေးခွန်း(၃)ခုကို လည်းကောင်း၊ နောင်ချိုမြို့နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးကျော်အောင်သန်းက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ တန့်ယန်းမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဒေါ်နန်းခမ်းမန်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ ဟိုပုံးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးဒီဂေါလ်က ကြယ်ပွင့်ပြမေးခွန်း(၂)ကို လည်းကောင်း၊ စုစုပေါင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၂)ဦးတို့က ကြယ်ပွင့်ပြမေးခွန်းပေါင်း(၁၇)ခုတို့ကို မေးမြန်းခြင်းဆောင်ရွက်ရာ သက်ဆိုင်ရာပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြသည်။


၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်းက ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဋ္ဌာန/အဖွဲ့အစည်းများ၏ ၂၀၂၇- ၂၀၂၈ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းများအား ရှမ်းပြည်နယ်လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းသော ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သော ဋ္ဌာန/အဖွဲ့ အစည်းများ၏ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈(ခ)(၁)အရ ပြည်ထောင်စု တရားသူကြီးချုပ်နှင့်ညှိနှိုင်းပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် ပေးပို့လာ သည့်အမည်စာရင်းအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့တင်ပြခဲ့ပြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် ဒေါ်အေးအေးလှိုင်၏ အမည်စာရင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။

ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး(ပထမနေ့)ရပ်နားကြောင်းနှင့် အစည်းအဝေး(ဒုတိယနေ့) ဆက်လက်ကျင်းပမည့် နေ့ရက်နှင့် အချိန် တို့ကို ကြေညာခဲ့သည်။ တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး(ပထမနေ့)သို့ တောင်ကြီးမြို့နယ်၊ ပအိုဝ်းအမျိုးသားအဖွဲ့အချုပ်ပါတီမှ(၄၅)ဦးနှင့် ပြင်ပပုဂ္ဂိုလ်(၄)ဦး လာရောက်လေ့လာခဲ့ကြကြောင်း သိရှိရသည်။