တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲကျင်းပ

တောင်ကြီး ဩဂုတ်   ၁၁

 

ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ သံလွင်ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီအချိန်တွင် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်နှင့် ရှမ်းပြည်နယ် လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမျိုး၊ တိုင်းရင်းသားလူမျိုးအရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ (၈)ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။  


ရှေးဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဒုတိယ ဥက္ကဋ္ဌဦးစိုင်းထွန်းစိန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးခွန်ဟန်သိန်းဦးက အမှာစကားပြောကြားခဲ့ကြသည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း(ဗဟို)၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို)၊ ကိုးကန့်စာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့၊ ကချင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ အင်းသားစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်း၊ ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ်၊ ဓနုစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုး ရေးအဖွဲ့၊ တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်းတို့မှ တာဝန်ရှိသူများက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အသီးသီး ဆွေးနွေးအကြံပြု တင်ပြခဲ့ကြရာ လွှတ်တော်ဒုတိယဥက္ကဋ္ဌက  လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့သည်။


ဆက်လက်၍ ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှမျိုးက လွှတ်တော်လေ့လာရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကာ တိုင်းရင်းသား လူမျိုးများအရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးခွန်ဟန်သိန်းဦးက နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကို နေ့လယ်(၁)နာရီ(၃၀)မိနစ်အချိန်တွင် ပြီးစီးခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များက လွှတ်တော်ရုံး အစည်းအဝေးခန်းမအား လှည့်လည်ကြည့်ရှုလေ့လာပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။



(စမ်းရေစိုး၊ အောင်ဇမ္ဗူဇော်)