တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကျင်းပ

တောင်ကြီး             ဧပြီ                      


တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကို ဧပြီ(၉)ရက်၊ နံနက်(၁၀)နာရီက တောင်ကြီးမြို့ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားကိုယ်စားလှယ်များ တက်ရောက်ကြသည်။



ဦးစွာ    ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က ပြည်နယ်လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၉၉)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၃၃)ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်ဦးရေ (၁၃၂)ဦးရှိသည့်အနက် (၁၃၁)ဦး တက်ရောက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၉၉.၂၄)ရာခိုင်နှုန်းရှိသည့်အတွက် ပြည်နယ်လွှတ်တော်အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာသည်။




ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ရပ်စောက်မြို့နယ် ကိုယ်စားလှယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထိန်စိုးက ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ ရယူထားသော ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးရေးရာကိစ္စများ ဆောင်ရွက်နိုင်ရန် ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးကိန်မိုင် (ကချင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး)၊ ဒေါ်အေးချိုစိန် (ကယန်း(ခ)ပဒေါင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး)၊ ဒေါ်ခင်ထွေးအောင် (ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး)၊ ဦးဝီလ်ဆင်မိုး (လားဟူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး)၊ ဒေါ်ငွေလှိုင် (လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး)၊ ဦးထွန်းအောင် (အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး)၊ ဒေါ်တင်တင်ရီ (အင်းသားတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး)တို့၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်သို့ တင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်ခြင်း ဆောင်ရွက်ခဲ့သည်။




၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ရပ်စောက်မြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထိန်စိုး၏ သဘောတူညီချက်ဖြင့် တင်ပြထားသော အိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်ပါ အဖွဲ့ဝင်(၅)ဦး၏ အမည်စာရင်းနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီဥက္ကဋ္ဌ ဦးအာကာလင်းပါ အဖွဲ့ဝင်(၅)ဦး၏ အမည်စာရင်းတို့ကို လွှတ်တော်သို့ တင်ပြ၍ လွှတ်တော်၏ အတည်ပြုချက်ကို ရယူခဲ့သည်။



ယင်းနောက်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်ရှမ်းပြည်နယ် လွှတ်တော်ပထမပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ရပ်နားကြောင်းနှင့် အစည်းအဝေး(သတ္တမနေ့) ဆက်လက်ကျင်းပမည့်နေ့ရက် နှင့် အချိန်တို့ကို ကြေညာခဲ့ကြောင်း သိရှိရသည်။