တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကျင်းပ
တောင်ကြီး မတ် ၂၀
တတိယအကြိမ်
ရှမ်းပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် နေ့၊
နံနက် (၁၀)နာရီအချိန်က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမတွင်
ကျင်းပ ပြုလုပ်ခဲ့သည်။



ပထမဦးစွာ အစည်းအဝေးသို့တက်ရောက်လာကြသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များက ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ ရွေးကောက် တင်မြောက်ပြီးသည်အထိ အစည်းအဝေးကို ကြီးကြပ်ကွပ်ကဲနိုင်ရန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦး အား သဘာပတိလောင်းအဖြစ် တင်မြှောက်ရန် အမည်စာရင်း တင်သွင်းသူတစ်ဦးသာရှိသည့် အတွက် ဦးလင်းအောင်ဆွေ၊ နမ့်စန်မြို့နယ်မဲဆန္ဒနယ်ကိုယ်စားလှယ်အမှတ်(၁)ကို သဘာပတိအဖြစ် ရွေးချယ် တင်မြှောက်ခဲ့ကြသည်။

ထို့နောက် သဘာပတိ ဦးလင်းအောင်ဆွေက ပြည်နယ်လွှတ်တော်ရှေ့မှောက်တွင် သဘာပတိအဖြစ် ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကာ နှုတ်ခွန်းဆက်စကားပြောကြားပါသည်။ ဆက်လက်၍ သဘာပတိက တတိယအကြိမ်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးသို့ တက်ရောက် ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၃၂)ဦးရှိသည့်အနက် ကိုယ်စားလှယ်အားလုံးတက်ရောက် ကြသည့်အတွက် တတိယအကြိမ်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေးကို စတင်ကျင်းပကြောင်း ကြေညာသည်။ ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ က သဘာပတိ၏ရှေ့မှောက်တွင် ကတိသစ္စာပြုကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း ဆောင်ရွက်ကြပါသည်။
၎င်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌရွေးကောက်တင်မြှောက်ကြရာ ဦးစိုင်းလုံကျော်၊
ဖယ်ခုံမြို့နယ် ကိုယ်စားလှယ်အမှတ်(၂) တစ်ဦးတည်းကိုသာ အမည်စာရင်းတင်သွင်းသည့်အတွက်
၂၀၁၃ ခုနှစ်၊ ရှမ်းပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၇ အရ ဦးစိုင်းလုံကျော်အား
ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြောင်း သဘာပတိက ကြေညာသည်။
ယင်းနောက်
ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ရာတွင် ဦးစိုင်းထွန်းစိန်၊
မိုင်းပျဉ်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)နှင့် ဦးစဝ်သာဦး၊
မိုင်းပန်မြို့နယ်ကိုယ်စားလှယ် အမှတ်(၂)တို့ နှစ်ဦးအား အမည်စာရင်းတင်သွင်းခဲ့ရာ
ရှမ်းပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၈ အရ ဆန္ဒမဲလက်မှတ်အသုံးပြု၍
ကိုယ်စားလှယ်များမှ လျှို့ဝှက်ဆန္ဒမဲဖြင့် မဲခွဲဆုံးဖြတ်ခဲ့ရာ ဦးစိုင်းထွန်းစိန်က
ဆန္ဒမဲ(၁၀၂)မဲ ရရှိသည့်အတွက် ၂၀၁၃ ခုနှစ်၊ ရှမ်းပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ
၂၆ နှင့် နည်းဥပဒေ ၂၇ တို့အရ ဦးစိုင်းထွန်းစိန်အား
ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြောင်း သဘာပတိက ကြေညာသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအဖြစ်ရွေးကောက်တင်မြှောက်ခြင်းခံရ သည့် ဦးစိုင်းလုံကျော်နှင့် ဦးစိုင်းထွန်းစိန်တို့က သဘာပတိ၏ ရှေ့မှောက်တွင် ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြပါသည်။

ထို့နောက် သဘာပတိက ၂၀၁၃ ခုနှစ်၊ ပြည်နယ် လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၂၉ အရ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်ကို ဥက္ကဋ္ဌတာဝန်လွှဲအပ်ခဲ့ ပါသည်။ ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး(ပထမနေ့)ကို ရပ်နားခဲ့သည်။ အစည်းအဝေး(ဒုတိယနေ့) ကျင်းပမည့်နေ့ရက်နှင့်အချိန်ကို အချိန်မီအသိပေးကြေညာသွားမည်ဖြစ်ကြောင်းနှင့် တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(ပထမနေ့)သို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း(၁၃၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မြန်မာဘာသာ
Leave a Reply