တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကျင်းပ ကိုယ်စားလှယ် ၁၆ ဦးမှ ကြယ်ပွင့်ပြမေးခွန်းပေါင်း ၂၁ ခု မေးမြန်း ကိုယ်စားလှယ် ၃ ဦးမှ အဆို၃ ခုတင်သွင်း

တောင်ကြီး        အောက်တိုဘာ               ၆

 

တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို အောက်တိုဘာ(၆) ရက်၊ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး များ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် များ တက်ရောက်ကြသည်။


ရှေးဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က ပြည်နယ်လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်(၉၉)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၃၃)ဦး၊ စုစုပေါင်းလွှတ်တော် ကိုယ်စားလှယ်ဦးရေ(၁၃၂)ဦးရှိသည့်အနက် (၁၁၉)ဦးတက်ရောက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့်(၉၀.၁၅)ရာခိုင်နှုန်း ရှိသည့်အတွက် ပြည်နယ်လွှတ်တော်အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာခဲ့သည်။


ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ကွန်ဟိန်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၁) ဦးဝင်းလှိုင်က ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ မက်မန်းမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးခမ်းလူက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ ဆီဆိုင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးခွန်ကျော်အေးက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးစိုင်းနော်ခမ်းက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ မိုင်းခတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးရန်အောင်က ကြယ်ပွင့်ပြ မေးခွန်း(၁)ခုကို လည်းကောင်း၊ မဘိမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဒေါ်နန်းခမ်းလီက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးထင်အောင်နိုင်က ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ နောင်ချိုမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၁) ဦးကျော်အောင်သန်းက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ မိုင်းဖြတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးညွန့်ဝင်းက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ ဖယ်ခုံ မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးစိုင်းကျော်ရင်က ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်း ကောင်း၊ ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးခွန်စနေအောင်က ကြယ်ပွင့်ပြ မေးခွန်း(၂)ခုကို လည်းကောင်း၊ မန်တုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဒေါ်စိုးစိုးငြိမ်းက ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ လဲချားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးခွန်ထွန်းလေးက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၂) ဒေါ်နန်းသီတာနွယ်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ မိုင်းပျဉ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဒေါ်မေနှင်းသက်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ ကျိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးစိုင်းဟွမ်နွဲ့က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ စုစုပေါင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၆)ဦးတို့က ကြယ်ပွင့်ပြမေးခွန်းပေါင်း (၂၁)ခုတို့ကို မေးမြန်းခြင်းဆောင်ရွက်ရာ သက်ဆိုင်ရာပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈ (ခ) (၁) အရ ပြည်ထောင်စု တရားသူကြီးချုပ်နှင့်ညှိနှိုင်းပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် ပေးပို့လာ သည့် ဒေါ်အေးအေးလှိုင်၏အမည်စာရင်းနှင့်ပတ်သက်၍  ဆွေးနွေးသည့်လွှတ်တော်ကိုယ်စားလှယ်မရှိသည့် အတွက်  လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာခဲ့သည်။


ယင်းနောက် ရပ်စောက်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ညွန့်က ရှမ်းပြည်နယ် အတွင်းရှိ စိုက်ပျိုးရေးတောင်သူများ လာမည့်စိုက်ပျိုးရာသီတွင် ရာသီချိန်မီ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက်  မြေပြင်အခြေအနေမှန်အပေါ်အခြေခံသည့် ရေတိုအစီအစဉ်များဖြင့် စက်သုံးဆီလွယ်ကူစွာ ဝယ်ယူရရှိစေရေးနှင့် ရေရှည်အတွက် တောင်သူစမတ်ကတ်စနစ်ဖြင့် သီးနှံအလိုက် စက်သုံးဆီခွဲတမ်းစနစ်တကျ စိစစ်ဖြန့်ဖြူးပေးနိုင်ရေး ပြည်နယ်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လည်းကောင်း၊ မိုင်းရယ်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဒေါ်ခိုင်သန္တာထွေးက ရှမ်းပြည်နယ်အတွင်း နည်းမျိုးစုံ၊ ပုံစံစုံ၊ ဒီဇိုင်းစုံဖြင့် ပေါများလာနေသော မူးယစ်ဆေးဝါးများအန္တရာယ်ကို ပိုမိုထိရောက်စွာ တားဆီးကာကွယ်နှိမ်နှင်းနိုင်ရေးအတွက် ၁၉၉၃ ခုနှစ်၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာ ဥပဒေပြဌာန်းချက်များနှင့်အညီ ရှမ်းပြည်နယ် အတွင်း မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် အထူးစီမံချက်များ၊ ပိုမိုတိကျခိုင်မာသော နည်းလမ်းများ ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် ရှမ်းပြည်နယ်အစိုးရအား တိုက်တွန်း ကြောင်းအဆိုကို လည်းကောင်း၊ မိုးမိတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးစိုင်းခမ်းကျော်က ရှမ်းပြည်နယ်အတွင်း သဘာဝသယံဇာတများ တရားဝင်၊ စနစ်တကျနှင့် ရေရှည်တည်တံ့စွာ အသုံးချနိုင်ရေး၊ တရားမဝင်ထုတ်ယူမှုများ ထိန်းချုပ်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆိုကို လည်းကောင်း အသီးသီးတင်သွင်းခဲ့ကြပြီး လွှတ်တော်ဥက္ကဋ္ဌက ၎င်းအဆိုများအား လက်ခံဆွေးနွေးရန် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။

ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်း အဝေး(ဒုတိယနေ့)ရပ်နားကြောင်းနှင့် အစည်းအဝေး(တတိယနေ့) ဆက်လက်ကျင်းပမည့် နေ့ရက်နှင့် အချိန်တို့ကို ကြေညာခဲ့ကြောင်းသိရှိရသည်။ အဆိုပါ တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး (ဒုတိယနေ့)သို့ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း) မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ (၄၅)ဦးနှင့် ပြင်ပပုဂ္ဂိုလ်(၄)ဦးတို့ လာရောက် လေ့လာခဲ့ကြကြောင်း သိရှိရသည်။