တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(ပဉ္စမနေ့) ကျင်းပ ကိုယ်စားလှယ်(၁၀)ဦးမှ ကြယ်ပွင့်ပြမေးခွန်း(၁၆)ခု မေးမြန်းဆောင်ရွက်

တောင်ကြီး       ဩဂုတ်              ၁၉

 

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို ဩဂုတ် (၁၉)ရက်၊ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊  ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။


ဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်ဦးရေ (၁၃၂)ဦးရှိသည့်အနက် (၁၂၈)ဦးတက်ရောက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၉၆.၉၇)ရာခိုင်နှုန်းရှိသည့်အတွက် ပြည်နယ်လွှတ်တော်အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာသည်။


ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဟိုပုံးမြို့နယ်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၂) ဦးဒီဂေါလ်က ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ မိုင်းရယ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဒေါ်ခိုင်သန္တာထွေးက ကြယ်ပွင့်ပြ မေးခွန်း(၁)ခုကို လည်း ကောင်း၊ လားရှိုးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးခင်အောင်ဆွေက ကြယ်ပွင့်ပြ မေးခွန်း(၁)ခုကို လည်းကောင်း၊ မိုင်းရယ်မြို့နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးစိုင်းခမ်းကော်က ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၂) ဦးခွန်ဆောင်းရွှေက ကြယ်ပွင့်ပြမေးခွန်း(၃)ခုကို လည်းကောင်း၊ တောင်ကြီး မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၁) ဦးခွန်ကြည်က ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ နမ့်ခမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးသန်းစိုးက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊   မူဆယ်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးကျော်စွာဝင်း(ခ) Mအောင်ဂျာက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ ကျိုင်းတုံမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးစိုင်းဟွမ်နွဲ့က ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဒေါ်နန်းမွန်းအောင်က ကြယ်ပွင့်ပြ မေးခွန်း(၁)ခုကို လည်းကောင်း၊ စုစုပေါင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၀)ဦးတို့က ကြယ်ပွင့်ပြ မေးခွန်းပေါင်း(၁၆)ခုတို့ကို မေးမြန်းခြင်းဆောင်ရွက်ရာ သက်ဆိုင်ရာ ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များ က ပြန်လည်ဖြေကြားခဲ့သည်။


၎င်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန် အစည်းအဝေး(ပဉ္စမနေ့)ရပ်နားကြောင်းနှင့် အစည်းအဝေး(ဆဋ္ဌမနေ့) ကျင်းပမည့်နေ့ရက်နှင့် အချိန်တို့ကို ကြေညာခဲ့ကြောင်း သိရှိရသည်။