တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(စတုတ္ထနေ့) ဆက်လက်ကျင်းပ ကိုယ်စားလှယ်(၁၀)ဦးမှ ကြယ်ပွင့်ပြမေးခွန်းများမေးမြန်းဆောင်ရွက်

တောင်ကြီး              ဩဂုတ်         ၁၈


တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို ဩဂုတ် (၁၈)ရက်၊ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊  ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။


ဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၉၉)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၃၃)ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်ဦးရေ (၁၃၂)ဦးရှိသည့်အနက် (၁၂၅)ဦးတက်ရောက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၉၄.၇၀)ရာခိုင်နှုန်းရှိသည့်အတွက် ပြည်နယ်လွှတ်တော်အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာသည်။


ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ကွတ်ခိုင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးဌေးဝင်းလှိုင်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးခွန်စနေအောင်က ကြယ်ပွင့်ပြ မေးခွန်း(၂)ခုကို လည်းကောင်း၊ မိုင်းပျဉ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဒေါ်မေနှင်းသက်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ နောင်ချိုမြို့နယ်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အမှတ်(၁) ဦးကျော်အောင်သန်းက ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ မိုင်းရယ် မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဒေါ်ခိုင်သန္တာထွေးက ကြယ်ပွင့်ပြမေးခွန်း(၁)ခု ကို လည်းကောင်း၊ မူဆယ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမှတ်(၁) ဦးနော်တောင်က ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊ ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးမြင့်ဝင်းက ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို လည်းကောင်း၊   မိုင်းခတ်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးရန်အောင်က ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ လွိုင်လင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးခွန်သက်နိုင်က ကြယ်ပွင့်ပြမေးခွန်း (၁)ခုကို လည်းကောင်း၊ မိုင်းကိုင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဒေါ်နန်းမှတ် နွမ်းက ကြယ်ပွင့်ပြမေးခွန်း(၁)ခုကို လည်းကောင်း၊ စုစုပေါင်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၁၀)ဦးတို့က ကြယ်ပွင့်ပြမေးခွန်းပေါင်း(၁၄)ခုတို့ကို မေးမြန်းခြင်းဆောင်ရွက်ရာ သက်ဆိုင်ရာ ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့သည်။ 


ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က တင်သွင်းခဲ့သည့် ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန/ အဖွဲ့အစည်းများ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၁)ဦးက ဆွေးနွေးပြီး ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံး ဆိုင်ရာစိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်က လွှတ်တော်သို့ ဖတ်ကြားတင်ပြ၍ ၎င်းဖြည့်စွက်ခွင့်ပြုရန်ပုံငွေစာရင်းနှင့် စပ်လျဉ်းပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်းက ဆွေးနွေးရှင်းလင်းကာ လွှတ်တော်၏ အတည်ပြုချက်ကို ရယူခဲ့သည်။


၎င်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး(စတုတ္ထနေ့) ရပ်နားကြောင်းနှင့် အစည်းအဝေး(ပဉ္စမနေ့) ကျင်းပမည့်နေ့ရက်နှင့် အချိန်တို့ကို ကြေညာခဲ့သည်။ တတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကျင်းပနေမှုအား ဦးခင်မောင်ကျော်ဦးဆောင်သော ကိုးကန့်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ (၂၅)ဦး၊ ဦးစံလင်းဦးဆောင်သော ရှမ်း(တောင်)မြို့နယ်ပေါင်းစုံဓမ္မစကူးလ်ကော်မတီမှ (၂၈)ဦးတို့ တက်ရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။